INDEX

Google နှင့်သူ၏ဒေတာသိမ်းဆည်းခြင်း

By Linn Htoo at

ဖေဖော်ဝါရီ ၂၇ရက် ၂၀၁၁ ခုနှစ်မှာ Google ကုမ္ပဏီ၏အခမဲ့ email ဝန်ဆောင်မှုတစ်ခုဖြစ်တဲ့ Gmail Service အတွင်းပြဿနာဖြစ်ပေါ်ခဲ့လို့ အသုံးပြုသူတချို့ Gmail အသုံးပြုမရဖြစ်ခဲ့ရပါတယ်...၀.၀၈% သောအသုံးပြုသူတွေကိုသက်ရောက်ခဲ့တာဖြစ်ပြီး ဒီပမာဏဟာ ၂၀၁၁ ခုနှစ် Gmail အသုံးပြုသူအချိုးအစားအရ အသုံးပြုသူပေါင်း ၁၅၀,၀၀၀ ကိုထိခိုက်စေခဲ့တာပါ… Service ရပ်ဆိုင်းရခြင်းအကြောင်းရင်းက Gmail မှာအသုံးပြုတဲ့ဆောဖ်ဝဲ့ရဲ့အမှားတစ်ခုကနေ အသုံးပြုသူတစ်ချို့ရဲ့ဒေတာ(Data) အချက်အလက်တွေကိုဖျက်ပစ်မိလို့ပါ...

အခုလိုဖျက်မိပေမယ့်လို့ ဒေတာပျောက်ဆုံးမှုလုံး၀မရှိဘူးလို့ Google ကကြေငြာခဲ့ပါတယ်... ဒါဆိုရင် Googleက ဒေတာတွေကိုမပျောက်ပျက်အောင်ဘယ်လိုများအပိုသိမ်းဆည်းထားသလဲဆိုတာ စိတ်ဝင်စားကြမှာပါ...

များသောအားဖြင့် ကုမ္ပဏီကြီးတွေမှာ ဒေတာတွေကို Storage Area Network (SAN) တွေအသုံးပြုပြီး တစ်နေရာတည်းမှာစုစည်းထားလေ့ရှိကြပါပါတယ်။ ကုမ္ပဏီရုံးချုပ်မှာနေရာတစ်ခုသတ်မှတ်ပြီးသိမ်းဆည်းထားတတ်ကြသလို သီးခြား ဒေတာစင်တာ(Data Centre) လိုမျိုးမှာလည်း အစောင့်အရှောက်နဲ့သိမ်းဆည်းထားတတ်ကြပါတယ်... ဒါပေမယ့် ရန်သူမျိုးငါးပါးကြောင့် ဒေတာစင်တာ တစ်ခုလုံးပျက်စီးသွားရင်ဘယ်လိုလုပ်ကြမလဲဆိုတဲ့အတွေးမျိုးကိုအခြေခံပြီး ဒေတာအဆုံးအရှုံးခံလို့မဖြစ်တဲ့စီးပွားရေးလုပ်ငန်းတွေက ပိုကောင်းပြီးပိုစိတ်ချရတဲ့နည်းလမ်းမျိုးကိုရှာဖွေလာကြတယ်… နည်းလမ်းတစ်ခုက ဒေတာစင်တာတစ်ခုထက်ပိုပြီး ဒေတာကိုသိမ်းဆည်းထားဖို့ပါ... Google က Gmail အသုံးပြုသူတွေရဲ့ဒေတာတွေကို အနည်းဆုံး ဒေတာစင်တာနှစ်ခုမှာ တစ်ကြိမ်တည်းတစ်ပြိုင်နက်တည်းသိမ်းဆည်းပါတယ်... အကြောင်းအမျိုးမျိုးကြောင့် ဒေတာစင်တာတစ်ခုက ဒေတာပျက်စီးခဲ့ရင် နောက်ဒေတာစင်တာတစ်ခုကနေ ဒေတာပြန်လည်ရယူနိုင်အောင်လို့ပါ...

Google က သူ့ရဲ့ဒေတာစင်တာတွေအချင်းချင်း မြန်နှုန်းမြင့်ပြီးဒေတာများစွာသယ်ယူပို့ဆောင်နိုင်တဲ့ဆက်ကြောင်းများနဲ့ချိတ်ဆက်ထားပြီး အသုံးပြုသူအသုံးပြုနေတုန်း Google ကနောက်ကွယ်မှာ တူညီတဲ့ ဒေတာကို နေရာနှစ်ခုမှာတပြိုင်နက်တည်းသိမ်းဆည်းပါတယ်...

Google ကအခုလိုသိမ်းဆည်းလို့ ဒေတာတွေပျောက်မှာလုံး၀မပူရတော့ဘူးလို့ထင်စရာရှိပါတယ်... အလုံးစုံတော့ စိတ်မချရသေးပါဘူး... အကယ်၍များ ဒေတာမှားဖျက်မိတဲ့ ပရိုဂရမ်အမှားကိုအသုံးပြုမိမယ်ဆိုရင် သိမ်းဆည်းထားရာနေရာတိုင်းကဒေတာတွေကို ပရိုဂရမ်ကဖျက်ပစ်မိမှာပါ... ဒါဆိုရင် ဘယ်လောက်ပဲနေရာပေါင်းများစွာမှာသိမ်းသိမ်း စိတ်မချရတော့ပါဘူး...

Google က ဒေတာမှားဖျက်တာကိုသိသိချင်း ပရိုဂရမ်အမှားအသုံးပြုတာကို ချက်ချင်းရပ်ဆိုင်းပါတယ်... သေချာတဲ့ပရိုဂရမ်အဟောင်းကိုပြန်သုံးပြီး ပျောက်ဆုံးသွားတဲ့ဒေတာတွေကိုပြန်လည်ရယူဖို့လုပ်ပါတယ်... အကယ်၍ပရိုဂရမ်အမှားက ဒေတာစင်တာအားလုံးကဒေတာတွေကိုဖျက်ဆီးပြီးသွားပြီဆိုရင်တော့ ဒေတာတွေပြန်ယူဖို့အတော်ခက်ခဲသွားပါပြီ... ဒီလိုအဖြစ်အပျက်မျိုးကိုကာကွယ်ဖို့ Google အနေနဲ့ ဒေတာတွေကို Linear Tape-Open(LTO) တိပ်ခွေတွေမှာလည်း သီးခြား Offline သိမ်းဆည်းထားပါတယ်...

LTO တိပ်ခွေများမှဒေတာပြန်လည်ရယူခြင်းကနှေးကွေးတဲ့လုပ်ငန်းစဉ်တစ်ခုပါ... ဒေတာအားလုံးပြန်လည်ရယူဖို့နာရီအနည်းငယ်ကနေ ဒေတာအနည်းအများအပေါ်မူတည်ပြီး ရက်ပိုင်းအထိအချိန်ယူရပါတယ်... ဒါပေမယ့် Offline သိမ်းဆည်းထားခြင်းဖြစ်လို့ အလွယ်တကူမှားဖျက်မိတာမျိုးမဖြစ်ရအောင် ကာကွယ်ထားနိုင်တဲ့အားသာချက်မျိုးရှိပါတယ်...

Google က သုံးလလျှင် ၅သောင်းမျှသော LTO cartridges တွေကို ဒေတာသိမ်းဆည်းဖို့အတွက်အသုံးပြုပါတယ်... သက္ကရာဇ် ၂၀၀၀ ခုနှစ်လောက်က LTO တိပ်ခွေများက 100GB ပမာဏလောက်သိမ်းဆည်းနိုင်ပြီး ၂၀၁၅ခုနှစ်မှာထုတ်လုပ်တဲ့ LTO တိပ်ခွေတွေက ဒေတာပမာဏ 6 TB လောက်သိမ်းဆည်းထားနိုင်ပါတယ်...

ဒေတာသိမ်းဆည်းမှုမှာ အရေးအကြီးဆုံးပထမဦးစားပေးက အသုံးပြုသူတွေရဲ့ဒေတာအပျောက်အဆုံး လုံး၀မရှိရေးပါ... ဒေတာ Backup လုပ်သောစနစ်ထက် ဒေတာ restore ပြုလုပ်တဲ့စနစ်က ပိုအရေးကြီးပါတယ်. ဒေတာ Backup ပြုလုပ်တဲ့အဆင့်တွေက လိုအပ်ချက်အရရှုပ်ထွေးကောင်းရှုပ်ထွေးနေလိမ့်မယ်၊ ဒါပေမယ့် ဒေတာ Restore စနစ်ကို အတတ်နိုင်ဆုံး အရိုးရှင်းဆုံးတည်ဆောက်ထားကြပါတယ်... ဒါမှလည်း အရေးပေါ်အခြေအနေမှာ အချိန်တိုအတွင်း အသုံးပြုသူတွေရဲ့ဒေတာကို ပြန်လည်ရယူနိုင်မှာပါ... Data Restore အဆင့်တိုင်းမှာ နည်းပညာကိုအသုံးပြုရပြီး တစ်ခါတစ်ရံ အင်ဂျင်နီယာများကိုယ်တိုင်ပါဝင်လုပ်ကိုင်ကြရတယ်...


ကိုးကား..

http://googleforwork.blogspot.sg/2010/03/disaster-recovery-by-google.html
https://gmail.googleblog.com/2011/02/gmail-back-soon-for-everyone.html
https://www.google.com/appsstatus/ir/nfed4uv2f8xby99.pdf
http://www.tested.com/tech/1926-why-google-uses-tape-to-back-up-all-your-emails/